ခမ်းသားငေါဝ်း၊ ဧပြီ ၈၊ ၂၀၂၃
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်လို့ ဒေသခံတွေဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြပြီး သွားရေးလာရေးနဲ့ စာနပ်ရိက္ခာအခက်အခဲတွေ ရင်ဆိုင်နေရကြောင်း သိရှိရပါတယ်။
ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ် အစပ်နားမှာရှိနေတဲ့ ကျေးရွာတွေအပြင် ဖယ်ခုံမြို့အနောက်ဘက် ခေါင်းအိကျေးရွာအနီးမှာလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
လေယာဉ်တွေက နေ့တိုင်းသွားနေတာ၊ ညဖက်တွေလည်း သေနတ်သံတွေကြားရတယ်၊ တအုန်းအုန်းနဲ့၊ ကြာတော့ လူတွေက ဒီအသံတွေထွက်လာရင် ဒါတိုက်ပွဲဖြစ်နေပြီဆိုတာသိတယ်၊ ဒီဘက်မှာလည်း စစ်ရှောင်တွေအများကြီးဆိုတော့ ဒီဘက်ထိတော့ မရောက်လောက်ဘူးလို့ မျှော်လင့် ရတာပေါ့” ဟု ပင်လောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသခံတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
“ပင်လောင်းမှာ စစ်ရှောင်စခန်း ၁၄ခုရှိတယ်၊ အဲ့ထဲမှာက နန်းထာမှာပဲ ရေသိပ်မရှားတာ၊ ကျန်တဲ့စခန်းတွေက ရေအကုန်ရှားတယ်၊ ဒါကလည်း အခက်အခဲတော်တော်ရှိတယ်၊ နေ့တိုင်းသုံးနေရတာလေ၊ တချို့ကလည်း တောထဲမှာ ရှိတယ်၊ အမျိုးတွေမရှိတဲ့လူတွေ နောက်ပြီး တိမ်းရှောင်တဲ့နေရာမှာ ကားဆိုင်ကယ်မရှိတဲ့လူတွေက တောတောင်မှာပဲ စစ်ရှောင်နေရတယ်” ဟု စစ်ရှောင်အရေးအကူအညီပေးနေသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောပါတယ်။
မိုးရာသီရောက်လာတော့မှာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေဟာ စိုက်ပျိုးလုပ်ကိုင်ရတော့မှာဖြစ်ပြီး အခုနှစ် မစိုက်ပျိုးနိုင်ရင် စားနပ်ရိက္ခာရှားပါးမှုတွေ ဒီထက်ပိုဆိုးလာနိုင်ပါတယ်။
စစ်ရှောင်အချို့ဟာ တိုက်ပွဲခနငြိမ်နေတဲ့အတွင်းမှာ ရွာပြန်ပြီး စိုက်ပျိုးရေးတွေလုပ်ကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားတဲ့အချိန်တွေမှာ ထပ်မံထွက်ပြေးရတဲ့အခြေအနေတွေရှိနေပါတယ်။
ပင်လောင်း၊ ဖယ်ခုံနဲ့ဒီးမော့ဆိုမြို့နယ်တွေမှာတိုက်ပွဲပြင်းထန်တဲ့အတွက် ကျေးရွာ ၁၅ရွာက ရွာသားတွေဟာ ပင်လောင်းဘက်ကို ထွက်ပြေးတိမ်းရှောင် နေရပြီး စစ်ရှောင်စုစုပေါင်း ၇၀၀၀ကျော်ရှိလာနေပြီဖြစ်ပါတယ်။
ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံနယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ်လ ၃၀ ရက်အထိ ၁ လကျော် တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed