ခမ်းသားငေါဝ်း၊ ဧပြီ ၆၊ ၂၀၂၃
ပအိုဝ်းအမျိုးသားအလံကို PNO ပါတီအလံအဖြစ်အသုံးပြုခြင်းအား ကန့်ကွက်သူရှိသည့်အတွက် ပြန်လည်ပြင်ဆင်ပေးပို့ရန် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အကြောင်းခဲ့ကြောင်း သိရသည်။
PNO ပါတီအလံ၊ ပါတီအမည်၊ တံဆိတ်တို့အားကန့်ကွက်လိုပါက ၇ ရက်အတွင်းကန့်ကွက်နိုင်ကြောင်းနေ့စဉ်ထုတ် သတင်းစာတွင်ကြော်ငြာထားပြီး ကရင်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကန့်ကွက်သည့်အတွက် ဧပြီ ၅ ရက်နေ့တွင်နောက်ဆုံးထား၍ ပါတီအလံကို ပြင်ဆင်ရန်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဥပမာ ပအိုဝ်းလူမျိုး ကျောင်းဆရာဆရာမ တစ်ယောက်က ကိုယ့်လူမျိုးကိုချစ်စိတ်နဲ့ အလံကို ရင်ဘတ်မှာ တပ်ထားတယ် သူ့ကိုနာမလိုသူတစ်ယောက်က တိုင်လိုက်ရင်အဖမ်းခံရနိုင်တယ် သူကပါတီဝင်ဆိုပြီးတော့ အမျိုးသားအလံကအားလုံးနဲ့ဆိုင်တယ် ဘယ်သူမဆိုသုံးပိုင်ခွင့်ရှိတယ် အဖွဲ့တစ်ခုခုကနေမောင်ပိုင်စီးလို့တော့မရဘူးလေ”ဟု ကရင်ပြည်နယ်ပအိုဝ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။
အမျိုးသားအလံကို ပါတီအလံအဖြစ်အသုံးပြုခြင်းအားကန့်ကွက်ရန် ကရင်ပြည်နယ်ရှိသံဃာတော်များ ရပ်မိရပ်ဖများနှင့် ကရင်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ အစည်းအဝေးထိုင်တိုင်ပင်ပြီးမှ အမျိုးသားအလံသည် ပအိုဝ်းအားလုံးနှင်သက်ဆိုင်သည့်အတွက် ပါတီကအသုံးပြုခြင်း‌သည် နောင်တွင်ပအိုဝ်းအားလုံးသုံးပိုင်ခွင့်ရမည်မဟုတ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ပအိုဝ်းအမျိုးအလံနှင့်ပတ်သက်ပြီး ပအိုဝ်းလူမှုအဖွဲ့အစည်းများ၊ ပါတီနိုင်ရေးပုဂ္ဂိုလ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အနယ်အရပ်ရပ်မှ ပအိုဝ်းလူမျိုးများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အပါအဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးတွင်ကျင်းပသည့် ပအိုဝ်းအမျိုးသားအဆင့်နိုင်ငံရေးအဆင့်ဆွေးနွေးပွဲတွင်လည်း ပအိုဝ်းအမျိုးသားအလံကို ပါတီအလံအဖြစ်အသုံးမပြုရန် ဆွေးနွေးဖူးခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *