ခမ်းသားငေါဝ်း၊ ဧပြီလ ၃၊ ၂၀၂၃
တောင်ကြီးမြို့အတက်လမ်း အေးသာယာထုံးဖိုရှိ စစ်ကောင်စီစစ်ဆေးဂိတ်တွင် လမ်းဖြတ်သွားသော ခရီးသည်ယာဥ်များကို တားဆီးစစ်ဆေးပြီး ငွေတောင်းခံနေကြောင်း ခရီးသည်ယာဥ်မောင်းသူ ထံမှ သိရသည်။
တောင်ကြီးအတက် အေးသာယာထုံးဖိုဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်ယာဥ်က ငွေမပေးဆောင်ပါက တောင်ကြီးမြို့သို့ ပေးမဖြတ်ပေးကြောင်း ခရီးသည်ယာဥ်မောင်းတစ်ဦးပြောပြချက်အရသိရသည်။
“အစ်ကိုတို့က ခရီးသည်ယာဥ် နေ့တိုင်းပေးဆွဲတယ် နေ့တိုင်းပေးရတယ် အတက်လမ်းက ပေးရတယ် တစ်ခါကို ငါးထောင် တစ်ခါတလေက တစ်သောင်းပေါ့ သူတို့ကိုမပေးရင်တော့ အပေါ်ပေးမတက်ဘူး” ဟုခရီးသည်ယာဥ်မောင်းက ပြောသည်။
ပင်လောင်း-တောင်ကြီး ဖြတ်သန်းသွားလာသည့် ခရီးသည်ယာဥ်လည်း ငွေတောင်းခံမှုရှိနေကြောင်းသိရသည်။
“ပင်လောင်း-တောင်ကြီးကို ဖြတ်သန်းလာတော့ သုံးနေရာတောင် ပေးရတယ် နဂါးဘီးလပ်မြေနားကဂိတ်ရယ် ၊အောင်ပန်းလမ်းခွဲဂိတ်ရယ်၊ အေးသာယာထုံးဖိုဂိတ်ရယ် သုံးနေရာတောင်ပေးရတယ် “ဟု ပင်လောင်း-တောင်ကြီးသို ခရီးသည်ယာဥ်ပေးဆွဲသည့် ယာဥ်မောင်း တစ်ဦးက ပြောသည်။
ထိုအပြင် ခရီးသည်ယာဥ်ပေးဆွဲသည့် ခရီးသည်ယာဥ်များကို စစ်ကောင်စီဂိတ်က ငွေကြေးတောင်းခံမှု၊ ခြိမ်းခြောက်မှု၊ ကြိမ်းမောင်းဆဲဆိုမှုရှိနေကြောင်း သိရသည်။
အလားတူ တောင်ကြီးအတက် ပစောက်ကွေ့တွင် ဖြတ်သန်းလာသည့် ဆိုင်ကယ်များကို တားဆီးစစ်ဆေးပြီး ကိုဗစ်လက်မှတ် ၊နိုင်ငံသားစီစစ်ရေးကဒ်(မှတ်ပုံတင်)၊ မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်များကို စစ်မေးပြီး ဆိုင်ကယ်ဦးထုတ် ၊နောက်ကြည့်မှန် ၊ဆိုင်ကယ်နံပါတ်ပြား များကိုလည်း စစ်မေးကြောင်း သိရသည်။
စစ်ဆေးခံရသူများအား တစ်စုံတစ်ရာ မပြည့်စုံသောအခြေနေများရှိလျှင် ဆိုင်ကယ်တစ်စီးကို အနည်းဆုံး ငါးထောင်ကျပ် ပေးဆောင်ခဲ့ရပြီးမှ ခရီးဆက်သွားခွင့်ပြုကြောင်း ဖြတ်သန်းသွားလာသူထံမှ သိရသည်။
တောင်ကြီးအတက်လမ်း စစ်ကောင်စီ စစ်ဆေးဂိတ်သည် ယခုကဲ့သို့ လမ်းဖြတ်သွားသော မော်တော်ယဥ်များကို စစ်ဆေးမေးမြန်းပြီး အပြည့်အစုံမပါလာလျှင် ဒဏ်ကြေးငွေအဖြစ်ပေးဆောင်နေရသည်မှာ လေးလနီးပါး ရှိနေပြီဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *