ခမ်းသားငေါဝ်း၊ ဧပြီလ ၄၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသအတွင်း ဧပြီလ(၃)ရက်နေ့တွင် PNLA နှင့် RCSS တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းသိရသည်။
“ခုလက်ရှိကတော့ တင်းမာနေဆဲပါ၊လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့လည်းကိုယ်စီပြင်ဆင်နေကြပါတယ်၊ကျွန်တော်တို့အဖွဲ့ရော သူတို့အဖွဲ့ရောပေါ့နော်၊အဓိက ကမြေပြင်အနေအထားမှာ ချမှတ်ထားတဲ့မူတွေစည်းကမ်းတွေ မလိုက်နာဘူးဆိုရင် ခုလိုထိတွေမှုကရှိလာတတ်ပါတယ်”ဟု PNLO/PNLAမှတာဝန်ရှိသူတစ်ဦးက ခမ်းသားငဝ်းကိုပြောသည်။
RCSSတပ်ဖွဲ့အနေဖြင့် မည်သည့်အချိန်ဝင်လာဝင်လာ ဝင်လာသည်နှင့် ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်နိုင်ခြေရှိနေဦးမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။
ဧပြီလ(၃)ရက်နေ့တွင် (၁၁)နာရီကျော်မှ ညနေမွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲပြင်းထန်ပြီး နှစ်ဘက်ထိခိုက်ကျရှုံးမှုရှိခဲ့ကြောင်း သိရသည်။
“မနေ့ကတော့ထိခိုက်တာ ရှိတယ် ကျွန်တော်တို့ဘက်ထိခိုက်တာ(၃)ယောက်ရှိတယ်၊ သူတို့ဘက်က(၈)ယောက်နဲ့ဒဏ်ရာရတာက(၂)ယောက်လို့ကြားတယ်၊ တိုက်ပွဲအတွင်းဆိုတော့သေနတ်ထိမှန်မှာပဲ၊ငါတို့ကသူများကို ပစ်ရင်ထိတတ်သလို သူများပစ်လို့ငါတို့ကိုလည်း ထိတတ်ပါတယ်” ဟု PNLO/PNLA မှတာဝန်ရှိသူက ဆက်ပြောထားသည်။
တိုက်ပွဲနှင့်ပတ်သက်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)က တာဝန်ရှိသူဒုဗိုလ်မှူးကြီးစိုင်းအွမ်ခေးနှင့်မေးမြန်းရာမှာ”ဒီ ကိစ္စက တစ်ဖက်နှင့်တစ်ဘက် ညှိနှိုင်းမှုမရှိပဲနဲ့ အထင်မြင်လွဲပြီး နယ်မြေတွေကျူးကျော်မိလို့ တိုက်ပွဲဖြစ်ပွားရတဲ့ သဘောပေါ့နော်၊နောက်လက်ရှိထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ အဲ့နေရာဒေသတွေကတော့ကျွန်တော်လည်း ကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင်မသိဘူး၊ဒါမဲ့ကျွန်တော်တို့စစ်ဒေသမှူးပြောပြချက်အရတော့ကျွန်တော်တို့အမြဲသွားလာလှုပ်ရှားတဲ့နေရာလို့တော့ပြောတယ်ပေါ့နော်၊ နောက်တိုက်ပွဲဖြစ်ပွားတယ်ဆိုတာက ပြီးခဲ့တဲ့မတ်လ(၃၀)၊(၃၁)တို့ကတော့တိုက်ပွဲရယ်လို့ပြောလို့မရဘူး၊ဘာလို့ဆိုလက်နက်ကြီးလက်နက်ငယ်ဟိုနားဒီနားပစ်ရုံပဲပေါ့၊မနေ့တစ်ရက်တော့တိုက်ပွဲအနည်းငယ်ဖြစ်ပွားတာကျွန်တော်တို့ဘက်ကထိခိုက်တာမရှိဘူး”ဟု ခမ်းသားငဝ်းကို ပြောသည်။
၂၀၁၅ ခုနှစ် ဦးသိန်းစိန်လက်ထက် အပစ်ခတ်ရပ်စဲရေးငြိမ်းချမ်း​ရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရာတွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသသည် ပအိုဝ်းအမျိုးသားလွတ်မြောက်အဖွဲ့ချုပ်(PNLO/PNLA)၏ ထိန်းချုပ်နယ်မြေအဖြစ်လက်မှတ်ရေးထိုးထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင်PNLO၊PNLA၏ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် နောင်ခုဲင်း၊နမ့်ပတဲက်ကျေးရွာများသည် RCSS ဘက်က ကျော်လွန်ခြိမ်းခြောက်မှုပြုလုပ်ခြင်းသဘောရှိနေကြောင်း PNLOတာဝန်ရှိသူ၏ ပြောဆိုချက်အရ သိရသည်။
“ဒီကဒူးကြီးဒေသ နောင်ခုဲင်းတွေက သူတို့တပ် သူတို့စခန်းမှမဟုတ်တာ၊ကျွန်တော်တို့ အာဇာနည်ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်စံသိန်းတို့တောင် အဲ့မှာကျတာပါ၊အရင့်အရင်ကတည်းက ကျွန်တော်တို့ပအိုဝ်းရွာတွေပဲ၊သူတို့ရှိနေရာဖြစ်တဲ့ လွယ်တိုင်းလျဲန်အဝန်းအဝိုင်းတွေ ကျွန်တော်တို့တစ်ခါသွားမရှုတ်ဖူးဘူး၊ဒီမှာကျ ဗန်းမက်မှာ ကျွန်တော်တို့ဌာနချုပ်ရှိတယ်၊သူတို့ကဒီဗန်းမက်၊နာဟီး၊နောင်ခုဲင်း၊နမ့်ပတဲက်၊ရန်ကင်းတို့တွေမှာ နီးနီးကပ်ကပ်တက်လာပြီးခြိမ်းခြောက်တာ၊လူအချင်းချင်း အဖွဲ့အစည်းအချင်းချင်းမလေးစားရင်တော့တိုက်ပွဲဖြစ်ရတယ်”ဟု PNLO/PNLAမှတာဝန်ရှိသူက ဆက်ပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်အဖွဲ့ချုပ်(PNLO/PNLA)နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်(RCSS/SSA) နှစ်ဖက်တပ်များသည် NCAလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းခြင်းတူသည့်အတွက် ယခင်ကအပစ်ခတ်ရပ်စဲရေးအကြိမ်ကြိမ်ဆွေးနွေးခဲ့ဖူးသော်လည်း လက်ရှိနယ်မြေအငြင်းပွားမှုကြောင့်တိုက်ပွဲဖြစ်နေရကြောင်းသိရသည်။
အချင်းချင်းတွေ့ဆုံတိုင်ပင်ဆွေးနွေးခြင်း၊ပြဿနာဖြေရှင်းနိုင်ရန်အနုနည်းဖြင့်ဆွေးနွေးခြင်း၊တစ်ဖွဲ့နှင့်တစ်ဖွဲ့အပြန်အလှန်လေးစားခြင်းဖြစ်အဖြေရှာပြီး ကိုယ်စီနေရာနေပါက တိုက်ပွဲဖြစ်လာစရာအကြောင်းမရှိ ဟု ၎င်းအဖွဲ့နှစ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၏ သဘောထားရှိသော်လည်းလက်ရှိတွေ့ဆုံဆွေးနွေးမှုမရှိသေးပေ။
ထိုအပြင်မတ်လ(၃၀)ရက်နေ့မှ ယနေ့ဧပြီလ(၄)ရက်နေ့ထိ အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာတွင် RCSS/SSAဘက်က နေရာဝင်ယူပြီး အကာအကွယ်ယူလုပ်ခြင်း၊ ဂိတ်များအတွင်းနေရာယူထားသည်ဟု အွန်လို့င်းပေါ်က ပြောဆိုမှုများသည် မမှန်ကန်ကြောင်း RCSS တာဝန်ရှိဒုဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောဆိုလာသည်။
လက်နက်ကိုင်အချင်းချင်းအပြန်အလှန်လေးစားပြီး အဖွဲ့အစည်းကိုယ်စီပေါလစီများ၊ အဖွဲ့၏ ဦးတည်ချက်များရှိနေသည့်အတွက် သွားလာလှုပ်ရှားခြင်း ဟိုဟိုဒီဒီလုပ်ခြင်းများကိုကြိုတင်သတင်းပေး အကြောင်းကြားပါက ယခုကဲ့သို့တိုက်ပွဲဖြစ်ပွားရန်အကြောင်းမရှိဟု PNLO/PNLA ကလည်းပြောဆိုထားပါသည်။
တိုက်ပွဲကြောင့် နှစ်ဘက်ထိခိုက်မှုမရှိရန်နှင့်အရပ်သားပြည်သူများ မထိခိုက်စေရန် နှစ်ဖက်ညှိနှိုင်းတိုင်ပင်ဖြေရှင်းသင့်သော်လည်း နှစ်ဘက်တွေ့ဆုံဆွေးနွေးနိုင်ရန် ခက်ခဲနေဆဲဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *