———————
ခမ်းသားငေါဝ်း၊ မတ် ၃၀၊ ၂၀၂၃
ကရင်နီပြည်နယ်အတွင်းက စစ်ပွဲတွေနဲ့ ရှမ်း-ကယားနယ်စပ်က တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ရှောင်ဦးရေ ထောင်နဲ့ချီပြီး ယနေ့အထိရှိနေပါတယ်။ စစ်ရှောင်အချို့နေရပ်ပြန်သွားတာရှိပေမယ့် ကလေးမိခင်တွေကတော့ လုံခြုံရေးအတွက်စိုးရိမ်နေရလို့ မပြန်နိုင်ကြသေးပါဘူး။
သူမနမည်က မဦးမျာပါ၊ ဆီဆိုင်မြို့က ပဲပုပ်ဘုရားစစ်ရှောင်စခန်းကို ၂၀၂၁ခုနှစ် နှစ်ကုန်လောက်မှာ ကရင်နီ (ကယား)ပြည်နယ်ကနေ ဆီဆိုင်မြို့ကိုစစ်ရှောင်လာရင်း တောထဲက တစ်နေရာမှာ ကလေးမွေးရင်းရောက်ရှိ လာခဲ့သူပါ။
တိုက်ပွဲပဋိပက္ခတွေကြားက စစ်ဘေးတိမ်းရှောင်ဖို့ကြိုးစားရင်း မဦးမျာဟာ ကိုယ်ဝန်နေ့စေ့လစေ့နဲ့ဖြစ်နေတဲ့အတွက် တောတွင်းတစ်နေရာမှာပဲ သူမရဲ့သမီးဦးကိုမွေးဖွားခဲ့ရပါတယ်။
သူမနေထိုင်ရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို စစ်ရှောင်ဖို့လာတဲ့ တောတွင်းလမ်းတစ်နေရာမှာ မွေးဖွားခဲ့ရတာဖြစ်ပါတယ်။
မဦးမျာဟာယခင်က ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ နေထိုင်ပါတယ်။ သူမရဲ့ယောကျာ်း ကတော့ ဘောလခဲက သစ်လုပ်ငန်းမှာအလုပ်သွားလုပ်နေလို့ သူမဟာ ယောက္ခမတွေနဲ့နေထိုင်ရပါတယ်။
သူမယောကျာ်းဟာ နှစ်လမှတစ်ခါလောက် အိမ်ပြန်တဲ့အတွက် အိမ်ထဲမှာနေတဲ့အချိန် သူမရဲ့ကြုံရတဲ့အခက်အခဲတွေ ယောက္ခမနဲ့ ယောက်မတွေကြားက အဆင်မပြေမှုတွေကိုလည်း မပြောပြခဲ့ရပါဘူး။ ဒါပေမယ့် သူမရဲ့ခင်ပွန်း ဖြစ်သူကလည်း မိခင်ကိုကြောက်နေရသူမို့ အိမ်တွင်းကိစ္စတွေကို ဘာမှဝင်ပြောလေ့မရှိဘူးလို့ သိရပါတယ်။
မဦးမျာဟာ သူတို့ရဲ့သားနဲ့သဘောမတူပဲ ခိုးပြေးပြီးလက်ထပ်ယူထားတာဖြစ်တဲ့အတွက် သူမကိုအမြင်မကြည်ဘဲ အလုပ်တွေလည်းဖိလုပ်ခိုင်းခဲ့တယ်လို့ သူမကဆိုပါတယ်။ သူမကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာလည်း အိမ်သန့်ရှင်းရေးအလုပ်တွေ၊ အလျှောအဖွပ်တွေ၊ အချက်အပြုတ်တွေ အကုန်လုံးကို သူမတစ်ယောက်တည်း သိမ်းကျုံးလုပ်ခဲ့ရပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာတော့ စစ်တပ်ကအာဏာသိမ်းလိုက်တော့ ဒေသတွင်းမှာတိုက်ပွဲတွေ စစ်ရေးပဋိပက္ခတွေများပြားလာပါတယ်။ တိုက်ပွဲတွေက ပြင်းထန်ပြီး အရပ်သားတွေလည်းသေဆုံးမှုတွေ ဖမ်းဆီးခံရမှု တွေများလာတဲ့အချိန်မှာတော့ သူမတို့လည်း တခြားသူတွေလိုပဲ စစ်ရှောင်ဖို့စဉ်းစားရပါတယ်။
သူမတို့စစ်ရှောင်တဲ့အချိန်က ရှမ်း-ကယား ပြည်ထောင်စုကားလမ်းမတစ်လျှောက်လုံး စစ်ကောင်စီတပ်သားတွေက အစစ်‌ဆေးတွေများတဲ့ အတွက် တောထဲကနေကွေ့ပတ်သွားရတယ်လို့ဆိုပါတယ်။
စစ်ရှောင်သွားတဲ့အချိန်မှာသူမဟာ ကိုယ်ဝန်ရင့်နေပြီဖြစ်တဲ့အတွက် သွားလာဖို့အခက်အခဲအများကြီးရှိခဲ့ပါတယ်။ မွေးဖွားတဲ့အချိန်မှာလည်း တောထဲမှာမို့ မီးမရှိဆေးမရှိ လက်သည်မရှိ သူနာပြုမပါဘဲ မွေးဖွားခဲ့ရပါတယ်။ တောထဲမှာ ရေလည်းရှားတဲ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလည်း မလုပ်နိုင်ခဲ့ပါဘူး။ ကလေးကို ည ၁၁ နာရီကျော်မှာမွေးပြီး တစ်ရက်အကြာမှာ စစ်ရှောင်ဖို့ ခရီးဆက်ထွက်ခဲ့ပါတယ်။
သူမရဲ့ကလေးကိုလည်း ယောက္ခမတွေက ပွေ့ချီကူတာ၊ ကြင်နာယုယတာမျိုးတွေမရှိဘဲ မီးဖွားတဲ့လူတစ်ယောက်လိုလည်း ဆက်ဆံခြင်းမခံခဲ့ရပါဘူး။
သူမတို့ မေလ ၂၀၂၁ခုနှစ်လောက်မှာ ဆီဆိုင်မြို့က ပဲပုပ်ဘုရားစစ်ရှောင်စခန်းမှာ နေရာရတော့ သူမအတွက်စိတ် သက်သာရာရခဲ့ပါတယ်။ ကလေးကိုလည်း စစ်ရှောင်စခန်းတာဝန်ရှိသူတွေက ဆေးကုသစောင့်ရှောက်မှုတွေပေးပြီး လိုအပ်တာတွေလည်းဖြည့်ဆည်းပေးပါတယ်။
ကလေးမိခင်ဖြစ်တဲ့အတွက် သူမရရှိတဲ့ ကလေးဖွံ့ဖြိုးဖို့ အစားအစာထောက်ပံ့တွေကိုလည်း သူမရဲ့ယောက္ခမတွေက အကုန်ယူစားခဲ့တယ် သူမကို မပေးခဲ့ကြဘူးလို့ သူမက ငိုရင်းပြောပြပါတယ်။
သူမရဲ့ခင်ပွန်းဖြစ်သူကတော့ စစ်ရှောင်စခန်းကိုလိုက်မလာပါဘူး၊ ဘောလခဲက သစ်စက်လုပ်ငန်းမှာပဲ အလုပ်ဆက်လုပ်ရင်း သူမတို့ကိုလစဉ်ငွေပို့ပေးပါတယ်။ ဒါတွေကိုလည်း သူမ မရရှိပါဘူး။
သူမ သမီးလေးက စစ်ရှောင်စခန်းမှာပဲ တစ်နှစ်ကျော်ကြာဖြတ်သန်းနေထိုင်ခဲ့ပြီးနောက်မှာတော့ အိမ်ပြန်ချင်တယ်၊ သူမရဲ့ မိခင်ရှိရာကယားပြည်နယ်က ကျေးရွာမှာပဲ ပြန်နေချင်တယ်လို့ သူမရဲ့ဆန္ဒကိုပြောပြပါတယ်။
မဦးမျာတို့ ဆီဆိုင်မြို့စစ်ရှောင်စခန်းကိုရောက်တာဟာ တစ်နှစ်ကျော်ခန့်ရှိနေပါပြီ။ အခုတော့ သူမရဲ့ကလေးဟာလည်း စစ်ရှောင်စခန်းထဲမှာ ပြေးလွှားဆော့ကစားတတ်အရွယ် ဖြစ်နေပါပြီ။ ကလေးကအပူအပင်မရှိပျော်ရွှင်နေပေမယ့် သူမရဲ့အနာဂတ်အတွက် စိုးရိမ်မိကြောင်း သူမက ဆိုပါတယ်။
“ကလေးစာသင်ဖို့ ဆက်ပြီးနေထိုင်ရှင်သန်ဖို့က လိုသေးတယ်လေ၊ ဒီမှာတော့ အလှူရှင်တွေရှိနေသေးပေမယ့် ရေရှည်မှာက အခက်အခဲအများကြီးရှိနိုင်တယ်။ အခု ဝေပေးထားတဲ့စားနပ်ရိက္ခာတွေကို စီမံပြီးချွေတာစားရမယ်။ တခြားလူတွေကတော့ နေ့စားလိုက်တာရှိတယ်၊ ကျွန်မကတော့ ကလေးနဲ့မို့ မသွားတတ်သေးဘူး”လို့ သူမက ပြောပါတယ်။
စစ်ရှောင်စခန်းမှာလည်း အိမ်ထောင်စုတစ်စုစီတိုင်းက ကိုယ်တိုင်ပြန်ချက်စားရတာ ဖြစ်တဲ့အတွက် မဦးမျာက သူမတို့အိမ်ထောင်စု ငါးဦးစာအတွက် နေ့တိုင်းချက်ပြုတ်ပေးရပါတယ်။ စစ်ရှောင်စခန်းထဲမှာလည်း အိမ်ကလိုမျိုး ဆက်ဆံတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းထဲမှာတော့ သူမလို ကလေးမိခင်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေအများကြီးရှိတဲ့အတွက် သူမတို့ အချင်းချင်းအခက်အခဲတွေပြောပြရင်း အပြန်အလှန်နှစ်သိမ့်ပေးရင်းနဲ့ ဖြေသိမ်ခဲ့ရပါတယ်။
ပဲပုပ်ဘုရားစစ်ရှောင်စခန်းမှာတော့ စစ်ရှောင်တွေနေရပ်ပြန်တဲ့သူရှိသလို နေရပ်ပြန်ပြီးအဆင်မပြေလို့ ပြန်လာရတဲ့ လူတွေလည်းရှိပါတယ်။
ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ‌ ဒေသ PDF ပူးပေါင်းတပ်တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားသေဆုံးမှုတွေလည်း ရှိနေပါတယ်။
ဒေသတွင်းတိုက်ပွဲတွေဟာ ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက်ဖြစ်ပွားတာရှိသလို စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိတဲ့အတွက် စစ်ရှောင်စခန်းကနေ နေရပ်ပြန်ဖို့က မဦးမျာတို့ကို ကလေးမိခင်တွေအနေနဲ့ မဖြစ်နိုင်သေးလို့ စစ်ရှောင်စခန်းမှာပဲ ဆက်လက်နေထိုင်ရဦးမှာဖြစ်တယ်လို့ သူမက ဆက်ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *