ခမ်းသားငေါဝ်း
မတ် ၂၈ ၊ ၂၀၂၃
ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦးအနီးတစ်ဝိုက်ကျေးရွာများတွင် ငွေကြေးသိန်းပေါင်းရှစ်ထောင်လိမ်လည်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း မတ်လ၂၈ရက်နေ့တွင် ဒေသခံပြောပြချက်အရ သိရှိရသည်၊၊
သာလေးကျေးရွာအုပ်စု ဖောင်တော်ဦးနမ့်ဟူးရွာတွင်နေထိုင်သော ဖိုးတွဲ(ခ)အောင်နိုင်ဝင်းဆိုသူကငွေတစ်သိန်း ထည့်ပါက တစ်ရက်လျှင်အတိုး ၃၀၀၀ကျပ်ပေးမည်ဖြစ်ကြောင်း ဒေသခံများကိုလိမ်လည်ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်သည် ယခင် ၂၀၂၂ ဇွန်၊ဇူလိုင်လတွင်စပြီး နေ့စဥ်ညနေ၃နာရီဝန်းကျင်အချိန်တွင် အတိုးလိုက်လံပေးကြောင်း အင်းလေးဒေသခံများကပြောကြသည်၊၊
“အစကတစ်သိန်းကို အတိုးတရက် ၃၀၀၀ကျပ်ပေးတယ်ပြောတာ မယုံကြဘူး ထည့်တဲ့လူလည်း နည်းတယ် တစ်သိန်း နှစ်သိန်းလောက်ပဲပေါ့ အဲဒါနဲ့ တရက်၃၀၀၀ကျပ် လည်းတကယ်ရရော လူတွေကပိုစိတ်ဝင်စားလာကြတယ် ထည့်ကြတယ် နမ့်ဟူးရွာဆို ရွာလုံးကျွတ်လုနီးပါးပဲ ရွာက ၄ရွာ ၅ရွာလောက်ပါသွားတာပေါ့ သိန်းပေါင်း၈ထောင်လောက်ရှိတယ် “ဟု ဖောင်တော်ဦးကျောင်းကုန်းဒေသခံ တစ်ဦးကပြောသည်၊၊
အချို့မှာ သက်ကြီးရွယ်အိုပိုင်းကျန်းမာရေးဆေးဖိုးဝါးခငွေပိုထွက်လာရန် ထည့်သောသူရှိသကဲ့ သို့ ရှင်ပြုပွဲပြုလုပ်ရန်ရည်ရွယ်ပြီးထည့်သောသူလည်းရှိသည်။
“တစ်ရွာတည်းလည်း ဖြစ်နေတယ်ဆိုတော့ လိမ်မယ်လို့မထင်ကြဘူးလေနော် အတိုးလဲတကယ်ရနေတယ် တချို့ဆိုအရင်းပါပြန်ကျေနေပြီဆိုတော့ ထည့်ကြတယ် အတိုးတဆင့်ပြန်ယူပြီး ထည့်ကြတာလဲရှိတယ် ရွှေရောင်းပြီးထည့်ကြတာလဲရှိတယ် တစ်ယောက်ကို သိန်း၁၀ ချီနဲ့ပါသွားတာရှိတယ် ရာနဲ့ချီပါသွားတာလည်းရှိတယ် ဘုန်းကြီးပါမကျန် ပိုက်ဆံပါသွားတယ် သူများဖုန်းဆက်တာသူက သူ့ရဲ့အထက်က သူ့ကိုလိမ်သွားလို့ သူလိုက်ရှာနေတယ် တပတ် ၁၀ရက်လောက်စောင့်ပေးလို့သူပြောတယ် ကျွန်တော်တို့လည်း စောင့်ပေးခဲ့တယ် သူကမပြန်လာဘူးခုထိပဲပေါ့ ချွေးနှဲစာနဲ့ရှာထားရတဲ့ပိုက်ဆံဆိုတော့ နှမြောတာပေါ့ဗျာ နောက်ပြီး သူရဲ့အထက်လူရဲ့အချက်အလက်ကိုတောင်းကြည့်တော့လည်း မပေးဘူး လိမ်နေပြီဆိုတာသိသာနေပြီလေနော် တရားစွဲဖို့လုပ်သေးတယ် တရားစွဲမယ် ဘာညာလုပ်တော့လည်း ဖောင်တော်ဦးဘုရားမှာတာဝန်ကျတဲ့ရဲက တရားစွဲလို့မရဘူးလို့လိုက်ပိတ်နေတော့ ဘယ်သူမှ လည်းမလုပ်ရဲကြဘူးဗျ သူပိုစ့်တင်လာတယ် ရှိတဲ့ငွေတွေကိုသူအကုန်လှူပစ်မယ်ပေါ့ အကတည်းကအဲဒီငွေတွေကသူလက်ထဲမှာရှိနေသေးတယ်ဆိုတာသေချာပြီလေ “ဟု၎င်းကဆက်ပြောသည်၊၊
ထိုသူနှင့်အတူ ‌နောက်လိုက်စာရင်းကိုင် အပါအဝင် ရွာမှထွက်သွားသည်မှာ ၁လကျော်ရှိနေပြီဖြစ်ပြီး နှစ်ဦးသား ပူးပေါင်းကြံစည်သည်ဟု ယူဆရကြောင်း ၎င်းကဆက်ပြောသည်၊၊
ငွေကြေးလိမ်လည်သူအောင်နိုင်ဝင်းသည် ဟိုတယ်စုံဘက်တွင် ခိုင်သဇင်စားသောက်ဆိုင်၊ နန်းပန်တွင် အလှပြင်ဆိုင်ဖွင့်ဖူးပြီး အကြွေးမပေးနိုင်တော့၍ ဆိုင်ပိတ်လိုက်ရသည်မှာ ၁နှစ်ရှိပြီဖြစ်ကြောင်းသိရသည်၊၊
အင်းလေးဒေသခံတစ်ဦးကလည်း ” အစကတော့ကျွန်တော်တို့မေးသေးတယ် ဘာလုပ်ငန်းမို့လို့ ခုလိုအတိုးတွေပေးနိုင်လဲဆိုပြီးတော့ပေါ့ သူကပြန်ပြောတယ် နင်တို့အတိုးပုံမှန်ရရင်ပြီးပြီမလား မေးမနေနဲ့ စပ်စုမနေနဲ့ လို့ပြောတယ် အစထည့်တဲ့လူတွေ ကတော့ အတိုးရောအရင်းပါ ပြန်ရကြပေမဲ့ နောက်ထည့်တဲ့လူတွေက အရင်းတစ်ဝက်လောက်ပဲပြန်ရကြတဲ့လူတွေရှိသလို အရင်းရောအတိုးပါလုံးဝပြန်မရတဲ့လူတွေလည်းရှိတယ်”ဟုခမ်းသားငေါဝ်းကိုပြောသည်၊၊
ဖိုးတွဲ(ခ)အောင်နိုင်ဝင်းမှာ ဖေဖော်ဝါရီလ ၂၃ရက်နေ့မှစ၍ အတိုးအရင်းပေးခြင်းမရှိတော့ပဲ ၂၄ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖောင်တော်ဦးဘုရားအောက်အထည်ဆိုင်၊ ဖောင်တော်ဦးဘုရားကျောင်းကုန်းတိုက်ခန်း၊နမ့်ဟူး၊ သာလေး၊အိုးကုန်း၊လယ်သစ် စသည့်ကျေးရွာမှ ဒေသခံများငွေကြေးလိမ်လည်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး ကျေးရွာဒေသခံများက ဖိုးတွဲ(ခ)အောင်နိုင်ဝင်းအား ‌ငွေကိစ္စကိုသင်္ကြန်မတိုင်မီ အမြန်ဆုံးပြန်လာဖြေရှင်းပေးရန် ဒေသခံများကတောင်းဆိုနေကြကြောင်း သိရသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *