…………………..
ခမ်းသားငေါဝ်း
“မြန်မာနိုင်ငံကအစိုးရမကောင်းတော့ ကျနော်တို့ကိုလည်း ထိုင်းအစိုးရကအရေးမထားဘူး ကျနော်တို့မြန်မာနိုင်ငံသားတွေကို လမ်းဘေးကတိရိစ္ဆာန်လောက်ပဲသဘောထားတယ် လူ့အခွင့်အရေးလား ဒီမှာဘာမှမရှိဘူး မြန်မာကဆိုရင် ခွေးတစ်ကောင်လောက်တောင် တန်ဖိုးထားမခံရဘူး” လို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ လူငယ်တစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအဖို့ အလုပ်သမားကဒ်လျှောက်တဲ့အခါမှာ ခွဲခြားဆက်ဆံတာတွေ အလုပ်လုပ်တဲ့နေရာတွေမှာ ခွဲခြားခံရတာတွေနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို သူကရင်နာနာနဲ့ ဖွင့်ပြနေတာပါ။
“(ဘတ်) လုပ်ခိုင်းလို့လုပ်တာ ကြာနေပြီ လက်ဗွေရာတွေလည်း နှိပ်ပြီးပြီ သွေးလည်းစစ်ပြီးပြီ ဒါပေမဲ့လက်မှတ်မထုတ်ပေးဘူး မိတ္တူပဲထုတ်ပေးတယ် ထိုင်းအခေါ် (အီကဆန်) မိတ္တူလိုပေါ့ အဲတာကိုင်ထားရင်ရဲတော့မဖမ်းဘူးဆိုပေမယ့် မြန်မာဆိုတာရဲကသိနေတော့ ရစ်တာတွေဒါဏ်ငွေတောင်းတာတွေလုပ်နေတာပဲလေ” လို့ သူကဆက်ပြောပါတယ်။
ဒါကကိုယ်တိုင်သွားလုပ်တဲ့သူပါ။ တချို့က ဘာသာစကားအခက်အခဲ၊ တစ်ချို့အလုပ်ရှင်က ခွင့်မပေးတဲ့အတွက် အလုပ်သမားကဒ်ကို ကိုယ်တိုင်သွားမလုပ်ပဲ ပွဲစားနဲ့လုပ်ခိုင်းလို့ ငွေယူပြီးလိမ်သွားတဲ့ ပွဲစားတွေလည်းရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ကိုင်နေသူ နန်းခမ်းရိန်းက“ထိုင်းကိုလာရတာကလည်း အိတ်ပေါက်နဲ့ဖားကောက်နေရသလိုပဲ ရှာသလောက်မစုမိဘူး ကဒ်အမျိုးမျိုးလုပ်နေရတာ အရေးထဲ လိမ်ခံထိတာတွေကရှိသေးတယ် တခြားလူမျိုးကလိမ်သွားလို့ဆိုရင်ခံသာသေးတယ် ခုတော့ကိုယ့်တစ်နိုင်ငံသားချင်း ကိုယ့်လူမျိုးချင်းချင်းကို လုပ်ရက်လိုက်တာ သူများချွေးနဲးစာကို စားရတာမျိုကျလားလို့ လူလိမ်တွေကို မေးချင်တယ်” လို့ဆိုပြီး ခံပြင်းဒေါသနဲ့ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို တရားဝင်ကော် တရားမဝင်ကော် အလုပ်သွားလုပ်ကိုင်နေကြတဲ့ မြန်နိုင်ငံသားတွေ တဖြည်းဖြည်းနဲ့ပိုပိုပြီးများနေပါတယ်။ တစ်ချို့က အိမ်ပေါင်ယာပေါင်နဲ့ အတိုးနဲ့ချေးပြီးလာကြသူတွေလည်းရှိပါတယ်။
“အိမ်ကအတိုးနဲ့ယူထားတာကိုလည်းပေးဖို့လို (ဘတ်)ကလည်းလုပ်ဖို့လို အလုပ်ကလည်းအဆင်မပြေပါဘူးဆို အလိမ်ခံရတော့ စိတ်ညစ်လို့ ကိုယ့်ကိုသတ်သေရင်ကောင်းမလားလို့တောင် စဉ်းစားမိတယ်” လို့ နန်းခမ်းရိန်းကဆက်ပြောပါတယ်။
အလုပ်သမားကဒ်လုပ်တဲ့အခါမှာ အလုပ်ရှင်ကလုပ်ပေးပြီး လစာထဲကပြန်နုတ်တာတွေရှိသလို မိမိငွေနဲ့လုပ်ကြတဲ့သူတွေလည်းရှိပါတယ်။ အလုပ်ရှင်ကလုပ်ပေးတဲ့ အလုပ်သမားကဒ်တွေက အဲ့အလုပ်ကနေထွက်ရင် အလုပ်ရှင်ကပြန်သိမ်းသွားတာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
“အလုပ်ရှင်ကဘာလို့ပြန်သိမ်းလဲဆိုတော့ တခြားနေရာပြောင်းပြီး ပြဿနာဖြစ်တဲ့အခါ သူတို့ခေါင်းပေါ်ကျမှာစိုးလို့ပေါ့နော် အဲကြောင့်အမျိုးတွေသူငယ်ချင်းတွေဆီချေးဌားပြီး (ဘတ်)ရအောင်ပဲလုပ်ကြတယ် ဒါပေမယ့် ကျနော်တို့ပအိုဝ်းက ရိုးအတော့တချို့လူတွေအတွက် စားပေါက်ဖြစ်ရတာပေါ့ တကယ်ဆိုရင်သူများငွေကိုယူပြီးရင် ရအောင်တော့လုပ်ပေးရမှာပေါ့”လို့ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်သူ ခွန်ရက်လွိုကပြောပါတယ်။
ကိုယ့်နိုင်ငံမဟုတ်တဲ့အတွက် ကိုယ့်နိုင်ငံသားအချင်းချင်း ကိုယ့်လူမျိုးအချင်းချင်း ကူညီရိုင်းပင်းဖို့လို့တဲ့အကြောင်း မကူညီနိုင်ရင်တောင် ဒုက္ခရောက်အောင်မလုပ်သင့်တဲ့အကြောင်း (ဘတ်)ကို အမှန် အကန်လုပ်ပေးတဲ့ ပွဲစားများလည်းရှိတဲ့အတွက် (ဘတ်)လုပ်လိုသူအနေနဲ့ သေချာရွေးချယ်ဖို့ သတိပေးလိုကြောင်း သူကဆက်ပြောပါတယ်။
“(ဘတ်) လုပ်ဖို့အတွက် လူတစ်ယောက်ကို (ဘတ်ငွေ) နှစ်သောင်းကျော်လောက်ကုန်ကျတယ် အစတုန်းက ခုနှစ်ထောင်၊ ရှစ်ထောင်လောက်ပဲကုန်တယ် နောက်တော့ ကြော်ငြာတုန်းကတော့တစ်သောင်းသုံးထောင် ဒါပေမယ့်သွားလုပ်တဲ့အခါ ကားငှားရတာနဲ့ လက်မှတ်ခနဲ့ တစ်ခါတည်းနဲ့မပြီးဘူး လေးငါးခါလောက်သွားရတော့ နှစ်သောင်းကျော်ကပြေးမလွတ်ဘူး”လို့ ခွန်ရက်လွိုကပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့မြန်မာနိုင်ငံသားများအနေနဲ့ တချို့အမျိုးသမီးများမှာ တရားဝင်လာလုပ်တာလည်းမဟုတ်တဲ့အတွက် အိမ်ရှင်ကမုဒိမ်းကျင့်စော်ကားတာတွေရှိရင်လည်း မတိုင်ရဲတဲ့သူတွေလည်းရှိသလို (ဆွန်)လို့ခေါ်အလုပ်ရှာပေးတဲ့သူက ငွေကိုကြိုတင်ယူသွားသူတွေလည်းရှိတယ်လို့ ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“တချို့(ဆွန်)တွေက အလုပ်ရှာပေးခငွေကိုကျတော့ယူတယ် အဆင်မပြေရင်ဖုန်းဆက်နော် နောက်ထပ်ရှာပေးမယ်ဆိုပြီး အဆင်မပြေလို့ဖုန်းဆက်ရင်မကိုင်တော့ဘူး ပြီးတော့(ဆွန်)ခပေးပြီးသားကို အိမ်ရှင်ဆီကလည်း ယူထားတော့ အလုပ်ပြောင်းချင်တိုင်းပြောင်းလို့မရတော့ဘူး လုပ်ပြန်တော့လည်း ငရဲအိုးထဲကျနေသလိုပဲ” လို့သူမဆက်ပြောပါတယ်။
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတချို့တွေမှာ အကြောင်းမဲ့ရိုက်နက်ခြင်းခံရတာတွေရှိသလို လမ်းဘေးမှာ ဘာကြောင့်မှန်းမသိသေဆုံးသွားပြီး မြန်မာနိုင်ငံမှတ်ပုံတင်ပါရှိလို့သာ မြန်မာနိုင်ငံသားဆိုတာသိရပေမယ့် ဘာကြောင့်သေဆုံးရကြောင်းကို မသိရတာတွေလည်းရှိနေပါတယ်။
မျိုးစုံတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရတဲ့ ထိုင်းနိုင်ငံ ရောက်မြန်မာအလုပ်သမားတွေကို ဘယ်အဖွဲ့အစည်း ဘယ်သံရုံးကမှ အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူးခို့ သိရပါတယ် ။
“ကျွန်တော်တို့က တရားဝင်နဲ့လာရောက်အလုပ်လုပ်တာဖြစ်တယ်၊ အဲ့တာ တခုခုဖြစ်ရင်သံရုံးကိုသွားတိုင်လည်း အရေးမယူပေးဘူး၊ ဘယ်သူ့ကိုအားကိုးလို့အားကိုးရမှန်းမသိဘူး”လို့ထိုင်းရောက်လူငယ်တစ်ဦးကပြောပါတယ်။
မြန်မာကဆိုတာနဲ့နားခေါင်းရူံ့ခံရတာတွေ ထိုင်းရဲကငွေညစ်တာတွေ အလုပ်သမားကဒ်ရုံးက ခွဲးခြားတာတွေ ပွဲစားတွေကခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေက နေ့စဥ်နဲ့အမျှကြုံတွေ့နေရတယ်လို့ သိရပါတယ် ။