ခမ်းသားငေါဝ်း၊ မတ်လ ၂၅ ၊၂၀၂၃
မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ကြမ်းကြုတ်ရက်စက်မှုကြောင့် လေယာဉ်လောင်စာဆီအဝယ်တော်များနှင့် စစ်တပ်ခရိုနီများကို အမေရိကန်က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်ကြောင်း အမေရိကန်သံရုံးမှ မတ်လ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေသည့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယခုအရေးယူမှုတွင် လူပုဂ္ဂိုလ်နှစ်ဦးနှင့် လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို အမေရိကန်ပြည်ထောင်စုမှ အရေးယူသတ်မှတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အာဏာရှင်အဖွဲ့အစည်းသည် မြန်မာပြည်သူများကို နာကျင်မှုနှင့် အတိဒုက္ခများသာ ဆက်လက်ပေးအပ်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ပြောဆိုထားသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် (ဦး) ထွန်းမင်းလတ်၊ ၄င်း၏ ဇနီး (ဒေါ်) ဝင်းမင်းစိုးနှင့် (ဦး) ထွန်းမင်းလတ် ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်မှုအောက်တွင်ရှိသည့် လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်မည် ဖြစ်သည်။
ထို့အပြင် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံ လေယာဉ်လောင်စာဆီထောက်ပံ့ဖြည့်ဆည်းခြင်းနှင့် ဆက်စပ်နေသည့် ဒဏ်ခတ်ပိတ်ဆို့ခံရနိုင်ခြေများနှင့်ပတ်သက်ပြီး ကိုယ်ပိုင်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြားသူများကို သတင်းအချက်အလက်များပေးရန် “မြန်မာ့လေယာဉ်လောင်စာဆီနှင့်စပ်လျဉ်းသည့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသတိပေးချက်” တစ်ခုကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားမည်ဖြစ်သည်။
ယနေ့ အရေးယူဆောင်ရွက်မှုများသည် ကနေဒါ၊ ဥရောပသမဂ္ဂနှင့် ယူနိုက်တက်ကင်းဒမ်းတို့၏ အရေးယူမှုများအတိုင်း ထပ်တူဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများကို အားပေးထောက်ခံသွားရန် သန္နိဋ္ဌာန်ချထားပြီး အထက်ဖေါ်ပြပါ ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ရာတွင် အာဏာရှင်အဖွဲ့အစည်းက အသုံးပြုသော အရင်းအမြစ်များကို ဖြတ်တောက်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြ ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *