ခမ်းသားငေါဝ်း
မတ်လ ၂၃ ၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အတက်လမ်းတွင်ရှိသော စစ်ကောင်စီစစ်ဆေးဂိတ်တွင် လမ်းဖြတ်သွားသောဆိုင်ကယ်နှင့်ယဥ်မောင်းများကို တားဆီးစစ်ဆေးပြီး ငွေတောင်းနေသည်မှာ နှစ်လ နီးပါးရှိနေပြီဖြစ်ကြောင်းမတ်လ ၂၃ ရက်နေ့တွင် သိရှိရပါသည်။
တားဆီးစစ်ဆေးရာတွင် ကိုဗစ်လက်မှတ် ၊နိုင်ငံသားစီစစ်ရေးကပ် (မှတ်ပုံတင်)၊ မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်များကို စစ်မေးပြီး ဆိုင်ကယ်ဦးထုတ် ၊နောက်ကြည့်မှန် ၊ဆိုင်ကယ်နံပါတ်ပြား များကိုလည်း စစ်မေးကြောင်း ဖြတ်သွားသူများ ပြောပြချက်အရ သိရသည်။
” သူတို့စစ်ဆေးတာတော့ တစ်ခုပီးတစ်ခုစစ်တယ် နောက်ဆုံးမပါလာတဲ့ဟာ ( မပြည့်စုံ)တဲ့ဟာဆို ဘယ်လိုလုပ်မှာလဲ ရုံးသွားမလား အခု ရှင်းမလား မေးတယ်ပေါ့ ရုံးမှာသွားရှင်းမယ်ပြောလိုက်တော့ အခုဒီမှာလည်း ဒဏ်ငွေပေးဆောင်သွားရမယ် ဆိုပြီး ပိုက်ဆံတောင်းတယ်” လို့ စစ်ဆေးခြင်းခံရသူ ဘော်ဆိုင်းမှအမျိုးသမီးတစ်ဦးကပြောပါသည်။
စစ်ဆေးခံရသူများအား တစ်စုံတစ်ရာ မပြည့်စုံသောအခြေနေများရှိလျှင် ဆိုင်ကယ်တစ်စီးကို အနည်းဆုံး ငါးထောင်ကျပ် ပေးဆောင်ခဲ့ရပြီးမှ ခရီးဆက်သွားခွင့်ပြုကြောင်း ၄င်းက ဆိုပါသည်။
” အဲဂိတ်မှာ ဖမ်းဆီးနေခံနေရတာ လူတော်တော်များနေပီ တစ်နေ့တစ်နေ့ သူတို့မှာ စစ်လိုက် ငွေညစ်လိုက် ပိုက်ဆံငွေသားမပါရင် kpay တွေနဲ့လည်း ပေးခဲ့ရတယ် ယဥ်တွေ အစုလိုက်ဖြတ်သွားရင်တော့ လိုရင်းပဲမေးတယ်၊ တစ်စီး နှစ်စီးထဲဖြတ်သွားလို့ကတော့ သူတို့အဖွဲ့ တွေက လူခွဲပြီး စစ်ဆေးပိုကြမ်း ပိုတောင်းကြတယ်ပေါ့လေ” လို့ အစစ်အဆေးခံရပြီးငွေကြေးပေးဆောင်ခဲ့ရသူတစ်ဦးက ပြောပါသည်။
တောင်ကြီးအတက်လမ်း စစ်ကောင်စီ စစ်ဆေးဂိတ်သည် ယခုကဲ့သို့ လမ်းဖြတ်သွားသော မော်တော်ယဥ်များကို စစ်ဆေးမေးမြန်းပြီး အပြည့်အစုံမပါလာလျှင် ဒဏ်ကြေးငွေအဖြစ်ပေးဆောင်နေရသည်မှာ နှစ်လနီးပါး ရှိနေပြီးဖြစ်ကြောင်းသိရှိရပါသည်။
မောင်းလိုင်စင်နှင့် ဆိုင်ကယ်လိုင်စင် သက်တန်းသွားတိုးသည့် ဒေသခံများကလည်း ဒဏ်ကြေးငွေကို စစ်ကောင်စီစစ်ဆေးဂိတ်တွင် တစ်ကြိမ် နှင့် လိုင်စင်သက်တမ်းတိုးဌာနတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဒဏ်ငွေပေးဆောင်ရကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *