ခမ်းသားငေါဝ်း၊ မတ် ၁၀၊ ၂၀၂၃
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တောင်ဖက် ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မတ်လ ၁၀ရက်နေ့အထိ တိုက်ပွဲပြင်းထန်‌ နေဆဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းဆောင်များ၊ ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
“သေနတ်သံက မနေ့ကလည်းကြားတယ်၊ ဒီနေ့ထိလည်းပစ်နေတုန်းပဲ၊ ကျွန်မတို့ဖက်မှာတော့ တိတ်ဆိတ်နေရောပဲ ရွာမှာလည်းလူရှိတယ်၊ ဘယ်သူမှအပြင်မထွက်ရဲဘူး၊ နှစ်ဖက်တပ်က တိုက်နေကြတာ၊ ဘယ်သူပစ်လို့ပစ်မှန်းတော့ မသိဘူး” ဟု ပင်လောင်းမြို့နယ်တောင်ဖက်ရှိကျေးရွာဒေသခံတစ်ဦးကဆိုသည်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့အရှေ့ဘက်ခြမ်း၊ ခေါင်းအိကျေးရွာ၊ ရွှေပြည်အေးကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့၊ PNO တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယမန့်နေ့ထိ တိုက်ပွဲဆက်လက် ဖြစ်ပွားလျက်ရှိသည်။
ရွှေပြည်အေးကျေးရွာမှ ဒေသခံများ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်များသို့ ၂၀၂၂ခုနှစ်ကတည်းက စစ်ဘေးတိမ်းရှောင်ပြီးဖြစ်သောကြောင့် အထိအခိုက်မည်မျှရှိကြောင်း မသိရှိရပေ။
ပင်လောင်းမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၄ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တောင်ဖက်ဖယ်ခုံတကြောတွင်လည်းတိုက်ပွဲများ နေ့စဉ်ဆက်ဖြစ်ပွားပြီး သေနတ်သံများကို နေ့တိုင်းကြားနေရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *