ခမ်းသားငေါဝ်း၊ မတ် ၉၊ ၂၀၂၃
စစ်ရှောင်အများစုရောက်ရှိနေသော ပင်လောင်းမြို့နယ်တောင်ဖက်ကျေးရွာများတွင် သောက်သုံးရေရှားပါးမှုကြောင့် စစ်ရှောင်များ ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားနေကြောင်း မတ်လ ၉ရက်တွင် သိရသည်။
တောတောင်ထဲရှိ ဂူထဲတွင် စစ်ဘေးတိမ်းရှောင်ပုန်း နေရသော စစ်ရှောင်များသည် ဝမ်းလျှော၊ဝမ်းပျက်ဖြစ်ပွားမှုအပြင် ရာသီဥတုဒဏ်အလူးအလဲခံနေရပြီး နှာစေး ချောင်းဆိုးရောဂါများလည်းဖြစ်ပွားနေကြောင်းသိရသည်။
ဝမ်းလျှော၊ ဝမ်းပျက်ဖြစ်ပွားသူမှာ ၂၀၀၀ခန့်ရှိပြီး တောထဲ တိမ်းရှောင်နေသည့် စစ်ရှောင်များ နှင့် ပင်လောင်းတောင်ဖက်ဒေသရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံများဖြစ်ကြောင်း သိရသည်။
တောတောင်ထဲသို့ ပုန်းရှောင်နေသောစစ်ရှောင်များမှာ တစ်ခြားဒေသတွင် ဆွေမျိုးများမရှိခြင်းနှင့် ကား ဆိုင်ကယ်မရှိ သောကြောင့် တောတောင်ရှိ ဂူအတွင်း တစ်ပတ်ကျော် နေထိုင်ခဲ့ရကြောင်း စစ်ရှောင်တစ်ဦးကပြောသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစခန်းတွင် ဆေးဝါးလုံလောက်မှု မရရှိခြင်းကြောင့် အချိန်မှီ ဆေးဝါးကုသမှု မပေးနိုင်သည့် ကလေးငယ်များနှင့် သွေးတိုးရောဂါ ခံစားရသူများ အသက်ဆုံးရှုံးမှု ရာခိုင်နှုန်း ပိုများနိုင်ကြောင်း သိရသည်။
“ဂူထဲမှာ တိုက်ပွဲကိုရှောင်နေကြတာ စုစုပေါင်း ၅၀လောက်ရှိတယ်၊ ဆေးတွေ ထိုးပေးခဲ့တယ် ဆေးတွေပေးခဲ့တယ် သက်သာ မသက်သာတော့ စောင့် ကြည့်ရအုန်းမယ်”ဟု Mobye Rescue Team-MPRTမှအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ်တောင်ဖက်ရှိကျေးရွာများတွင် ဖေဖော်ဝါရီ ၂၄ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ မတ်လ၆ရက် အထိတိုက်ပွဲ ဆက်လက်ပြင်းထန်နေခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့် ဧရိယာလည်းပိုကျယ်ပြန့်လာကာ စစ်ဘေးရှောင်လည်း ပိုမိုများလာကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *