ခမ်းသားငေါဝ်း မတ် ၉ ၊ ၂၀၂၃
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းတွင် စစ်ဘေးရှောင်လာသူ ၆၀၀၀ ကျော်ထိရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာနှင့် အဝတ်အထည်၊ စောင်နှင့် သောက်သုံးရေအရေးပေါ်လိုအပ်နေလျှက်ရှိကြောင်း မတ်လ ၈ ရက်နေ့တွင်သိရသည်။
လူဦးရေ ၆၀၀၀ ကျော်သည် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် စာသင်ကျောင်းများတွင်ရှိသည့် စာရင်းသာဖြစ်ပြီး နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များမပါဝင်သေးကြောင်း တစ်ရက်ပြီးတစ်ရက်စစ်ဘေးရှောင်လာသူများ တိုးလာလျှက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများထံက သိရသည်။
“ခနပဲရှောင်မယ်ဆိုပြီးထွက်လာကြပေမယ့် တိုက်ပွဲကဆက်ဖြစ်နေတော့ အိမ်ပြန်လို့မရကြတော့ဘူး လောလောနဲ့ပြေးလာကြတော့ အဝတ်အထည်တွေ စားစရာတွေသယ်ဖို့အချိန်မရှိဘူး တချို့ဆိုရင်ဖိနပ်တောင်စီးဖို့အချိန်မရှိလို့ ဖိနပ်မပါလာတဲ့သူတွေလည်းရှိတယ် အရေးပေါ်လိုအပ်နေတာက စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ စောင်တွေပေါ့”ဟုစစ်ဘေးရှောင်များအား ကူညီပေးနေသူ ခွန်ကျော်ဆွေကပြောသည်။
လက်ရှိတွင် ပင်လောင်းမြို့နယ် စန္တားခမ်းဆရာတကာများ ပူးပေါင်းပြီး အလှူရှင်များနှင့်ချိတ်ဆက်ကာ ကူညီမှုများပြုလုပ်နေကြောင်း ရေရှည်အတွက် နိုင်ငံတကာအဖွဲများနှင့် ချိတ်ဆက်ထားသော်လည်း လက်ရှိတွင် မရောက်လာသေးကြောင်း ၎င်းကဆက်ပြောသည်။
“တစ်ချို့ရွာမှာ ရေကလည်းရှားတော့ ဒီမြောက်ဘက်ကိုရွေ့လာကြတာရှိတယ် သောက်သုံးရေလည်းလိုအပ်နေတယ် စစ်ရှောင်သူတွေက နေ့တိုင်းလိုလိုတိုးလာနေတဲ့အခြေအနေရှိနေတယ်” ဟု စစ်ဘေးရှောင်များကူညီပေးနေသူက ဆိုသည်။
စစ်ဘေးရှောင်လာသည့် ကျေးရွာများမှာ တောင်မဲသင်း၊ စလုံးတောင်၊ စလုံးမြောက်၊ ဆောင်းပြောင်း၊ လုံးပျဉ်၊ ပင်ပွံရွာများမှဖြစ်ပြီး လက်ရှိပင်လောင်းတွင် စစ်ဘေးရှောင်လူဦးရေ ငါးထောင်ကျော်ခန့်ရှိနေပြီး နောင်တရားတွင် တစ်ထောင်ခန့်ရှိနေကြောင်း သိရသည်။
ပင်လောင်းမြို့သည် စစ်ကောင်သီရုံးစိုက်ရာ နေပြည်တော်နှင့် ၈၅ မိုင်သာဝေးပြီး စစ်ရေးအရအရေးပါသည့် ဒေသဖြစ်သောကြောင့် စစ်ပွဲအမြန်ပြီးဆုံးရန် မလွယ်ကူကြောင်း သုံးသပ်နေကြသူများလည်းရှိကြောင်း သိရသည်။
PPV-001

Leave a Reply

Your email address will not be published. Required fields are marked *