ခမ်းသားငေါဝ်း၊ မတ် ၇၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများ ရေပုံမှန်မရှိသဖြင့် ပိုက်ဆံဖြင့်ဝယ်သုံးနေရကြောင်း မတ်လ ၇ ရက်က မြို့နေလူထုများ ပြောပြချက်အရသိရသည်။
ရေထွက်ဦးမှ ဆီဆိုင်မြို့၆ရပ်ကွက်သို့ရေများဖြန့်ဝေရာတွင် ခမရ ၄၂၃/ ခမရ၄၂၄ တပ်အတွင်းသာ ရေပုံမှန်ရရှိကြောင်း မြို့ခံများပြောဆိုချက်အရ သိရသည်။
ဆီဆိုင်မြို့ခံတစ်ဦးက “မြို့ထဲကလူတွေက ရေတခါမှပုံမှန်မရဘူး၊ စစ်တပ်ကျ ရေခြံတွေပါစိုက်တာ၊ သူတို့စိုက်တဲ့ ကြက်သွန်ပင်တွေဆို စိမ်းစိုလို့ပဲ၊ စစ်တပ်ကပဲရေယူသုံးတာ၊ ရေကဘယ်လိုပြောမလဲ ရှိတော့ရှိပေမယ့် မရတဲ့သူက မရဘူး၊ တပ်ကျတော့ ရေပိုက်ပေါက်နေလည်း အဲ့အတိုင်းပဲ ရေတွေဆိုလျှံထွက်လို့ပဲ၊ ရေပိုက်တွေဆို သူတို့စစ်တပ် ဖက်ပဲ လွှဲထားတာ” ဟု ပြောသည်။
ဆီဆိုင်မြို့တွင် ရေထွက်ဦးမှရေဖြန့်ဝေပေးသည့်စနစ်နှင့် ဂျပန်နိုင်ငံမှပေးလှူထားသောရေ စနစ်နှစ်မျိုးဖြင့် မြို့နေလူထုများ ရေသုံးစွဲနေရခြင်းဖြစ်သည်။
“ရေပုံမှန်ရဖို့အတွက် အစည်းအဝေးပြန်ထိုင်ပြီးအဖွဲ့အစည်းအသစ်ပြန်ဖွဲ့ထားတယ်ကြားတယ်၊ လူဟောင်းတွေ အကုန်ထုတ်ပြီလို့ပြောတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးကပြောသည်။
နွေရာသီရောက်တိုင်း ရေရှားပါးလာသည့်ဒဏ်အပြင် လျှပ်စစ်မီးပုံမှန်မရရှိသောကြောင့် ရေပေးဝေရာတွင် အချိန်အကန့်အသတ်များရှိကြောင်း သိရသည်။
“တစ်လမှတစ်ခါပဲရချင်ရတာ၊ ဝယ်မသုံးရင် သုံးစရာ ရေရှိမှာတောင်မဟုတ်ဘူး၊ သူများအိမ်မှာသွားချိုးရတယ် သူတို့လိုရေခြံစိုက်ဖို့မပြောနဲ့၊ သုံးဖို့တောင်မရှိပါဘူး၊ ရေလာရင်လည်း လာရုံပဲရှိသေး ပြန်ရပ်သွားပြီ”ဟု အသက်၃၀ အရွယ် မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။
ရေကားတစ်စီးလျှင် ငွေ၁၅၀၀၀ကျပ်ပေးဝယ်နေရသောကြောင့် မြို့နေလူထုများအဆင်မပြေဘဲ တွင်းရေအဟောင်းများတွင် ရေမော်တာများတပ်ဆင်ကာ အသုံးပြုရသည့်သူများလည်းရှိကြောင်း ထိုသို့လုပ်ဆောင်ရန် အတွက်လည်း လျှပ်စစ်မီးပုံမှန်ရရှိရန်လိုအပ်နေသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *