ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊ ၂၀၂၃

စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဘိန်းစိုက်ပျိုးမှုတွေ ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း ဘိန်းဈေးဟာ တစ်ပိဿာကို ၁၀ သိန်းကျော်ရှိ‌‌လာတယ်ဟု သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့လာရတဲ့ စီးပွားရေးအကျပ်အတည်းနဲ့ အလုပ်အကိုင်ရှားပါးမှု အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ဘိန်းပြန်လည်စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။
၂၀၀၂ က စပြီး UNODC က ဘိန်းရဲ့ ပျမ်းမျှ တန်ဖိုးကို စောင့်ကြည့်လေ့လာခဲ့ရာမှာ အခုနှစ်ရဲ့ဘိန်းဈေးဟာ အမြင့်ဆုံးစျေးနှုန်းကို ရောက်ရှိလာတာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
“အာဏာမသိမ်းခင်က ၂သိန်းခွဲလောက်ထိကျသွားတယ်၊ ဘိန်းစိုက်တာလုံးဝပျောက်တော့မယ့်အနေ အထားမှာ ရှိတယ်၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ပထမနှစ်မှာ ဘိန်းဈေးက ၈သိန်းထိ ထိုးတက်သွားတယ်၊ အဲ့ဒါနဲ့ သူသူငါငါပြန်စိုက်ကြတယ်၊ အခုဆိုရွာတိုင်းစိုက်တာမကဘူး၊ လူတစ်ယောက် ဆိုရင် ဧကပိုတိုးပြီးစိုက်ကြတယ်” ဟု ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသခံတစ်ဦးက ပြောပါတယ်။
အရင်တုန်းက မစိုက်ဘဲ စွန့်ပစ်ထားတဲ့နေရာတွေမှာ ဒီနှစ်မှာဆိုရင် တောင်ကြောတစ်ခုလုံး ဘိန်းပန်းတွေ ပြန့်ဝေနေပါတယ်။ ၊ လွယ်လင်၊ ပင်လုံ၊ အနောက်ဘက် မိုင်းပွန်တောင်ဘက် တောင်ကြောတွေမှာလည်း စိုက်ပျိုးမှု ပိုများလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်းမြို့နယ်အတွင်းမှာဆိုရင် ဘိန်းပင်တွေ အများအပြား စိုက်ပျိုးလာကြပါတယ်။
“ဘိန်းကနှစ်တိုင်းစိုက်တယ်၊ ဒီနှစ်နှစ်အတွင်းမှာ ဈေးလည်းပိုရတော့ ပိုစိုက်တာမြင်နေရတယ်၊ ရဲတွေက ဘိန်းခင်း လိုက်ဖျက်တာတွေရှိပေမယ့် နေရာတစ်ခုတည်းစိုက်တာမဟုတ်ဘူးလေ၊ အခွန်တွေလည်း ဆောင်ရတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေဆီကို တစ်အိမ်ဆိုရင် သိန်းဆယ်ချီသွင်းရတယ်၊ ဒါပေမယ့် အမြတ်ကျန်တော့လည်း လူတွေကစိုက်တာပဲပေါ့” လို့ ပင်လောင်းမြို့နယ်က ဘိန်းစိုက်ပျိုးတဲ့ကျေးရွာ‌ဒေသခံတစ်ဦးက ပြောပါတယ်။
အရပ်သားအစိုးရလက်ထက်တုန်းက မြန်မာနိုင်ငံမှာ ဘိန်းအစားထိုး စိုက်ပျိုးသီးနှံ စီမံချက်တွေ၊ စီးပွားရေးအခွင့်အလမ်းတွေကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းခဲ့ပြီးဖြစ်ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *